Color blindness လို့ခေါ်တဲ့ အရောင်မခွဲခြားနိုင်တဲ့ရောဂါ
အရောင်မခွဲခြားနိုင်တဲ့ရောဂါ ရှိတဲ့သူတွေအကြောင်း ကြားဖူးကြလား?
တကယ်တော့ အရောင်မခွဲခြားနိုင်တဲ့ရောဂါရှင်တွေဟာ သာမန်ကြည့်ရင် သူလိုကိုယ်လိုပဲ ဖြစ်ပြီး ဘာမှထူးခြားနေတာ၊ ရောဂါဝေဒနာခံစားနေရတာ မဟုတ်ပါဘူး။ လမ်းကူးတဲ့အခါ၊ ကားမောင်းတဲ့အခါမျိုးမှာသာ မခွဲခြားနိုင်တဲ့ အရောင်ပေါ်မူတည်ပြီး မီးနီးနေတာလား၊ မီးဝါနေတာလား၊ မီးစိမ်းနေတာလား မသဲကွဲတာမျိုးလို ပြဿနာရှိနေတတ်တာပါ။
ဒီရောဂါကို colour blindness လို့ ခေါ်ပေမယ့် အရောင်တွေအားလုံးကို မခွဲခြားနိုင်တာမျိုး ဖြစ်တာကတော့ ရှားပါတယ်။ မခွဲခြားနိုင်တဲ့ အရောင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူကြပါဘူး။
တချို့က အနီ၊ အဝါနဲ့ အစိမ်းကို မခွဲခြားနိုင်ပါဘူး။ ဒီအုပ်စုက အဖြစ်အများဆုံးဖြစ်ပြီး အနီ-အစိမ်းမခွဲခြားနိုင်တဲ့ ရောဂါလို့ခေါ်ပါတယ်။ ယောကျ်ား ၁၂ ယောက်မှာတစ်ယောက်ခန့်နဲ့ မိန်းမ အယောက် ၂၀၀ မှာ တစ်ယောက်ခန့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
တချို့က အနီ၊ အဝါ၊ လိမ္မော်၊ အညို နဲ့ အစိမ်းကို သေချာမခွဲနိုင်ကြပါဘူး။ တချို့က ခရမ်းရောင်ကို မခွဲနိုင်တာ၊ တချို့က အနီနဲ့ အမည်းရောင်ကို မကွဲတာမျိုး ဖြစ်တတ်ပါတယ်။
ရှားပါးပေမယ့် အပြာ၊ အစိမ်းနဲ့ အဝါကို မခွဲခြားနိုင်တဲ့သူတွေလည်း ရှိပြီး အပြာ-အဝါ မခွဲခြားနိုင်တဲ့ ရောဂါလို့ ခေါ်ပါတယ်။
ဘယ်လိုစမ်းသပ်မလဲ?
တကယ်လို့ သင့်မှာ ဒါမှမဟုတ် သင့်ရဲ့ကလေးမှာ colour blindness ရှိတယ်လို့ သံသယရှိရင် မျက်စိဆရာဝန် သို့မဟုတ် မျက်စိကျွမ်းကျင်သူနဲ့ စမ်းသပ်စစ်ဆေးလို့ ရပါတယ်။
*Ishihara test လို့ခေါ်တဲ့ အရောင်အမျိုးမျိုးနဲ့ ခြယ်ထားတဲ့ အကွက်ထဲက နံပါတ်တွေကို ပြောခိုင်းတာ
*Colour arrangement လို့ခေါ်တဲ့ ပုံစံကွဲ အရောင်ကွဲတဲ့ ပစ္စည်းတွေကို စီခိုင်းတာမျိုးနဲ့ စမ်းသပ်ကြပါတယ်။
*Online ပေါ်မှာလည်း စမ်းသပ်လို့ရတဲ့ application တွေရှိပေမယ့်လည်း တတ်ကျွမ်းတဲ့သူနဲ့ စမ်းသပ်တာက ပိုကောင်းပါတယ်။
Colour blindness ရောဂါဟာ ကုသလို့ပျောက်ကင်းနိုင်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ အရောင်တွေမခွဲခြားနိုင်တာကလွဲလို့ တခြားပြဿနာ မရှိတဲ့အတွက် အလေ့အကျင့်ဖြစ်အောင် နေရင်အဆင်ပြေတာ များပါတယ်။
ဘာကြောင့် ဖြစ်တာလဲ?
-အများစုကတော့ မျိုးရိုးဗီဇကြောင့် ဖြစ်တာပါ။ မိဘ သို့မဟုတ် အဘိုးအဘွားတွေကနေ ဆင်းသက်အမွေရလာတာမျိုးပါ။ မျက်စိထဲမှာ cones လို့ခေါ်တဲ့ အရောင်ကို ခွဲခြားသိမြင်တဲ့ဆဲလ်တွေ ပါမလာတာ သို့မဟုတ် အလုပ်မလုပ်တာကြောင့် ဖြစ်ပါတယ်။
-ရေတိမ်၊ ဆီးချိုနဲ့ multiple sclerosis လို့ခေါ်တဲ့ ရောဂါကြောင့်လည်း ဖြစ်တတ်ပါတယ်။
-digoxin, ethambutol, chloroquine, phenytoin စတဲ့ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့လည်း ဖြစ်နိုင်ပါတယ်။
-carbon disulphide နဲ့ styrene လို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိရင်လည်း colour blindness ဖြစ်တတ်ပါတယ်။
-အသက်ကြီးလာတဲ့အခါ အရောင်တွေ မခွဲခြားနိုင်တော့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။
ပြဿနာကြီးကြီးမားမား မရှိဘူးဆိုပေမယ့်လည်း
*ကျောင်းနေစဥ်ကလေးတွေ အရောင်တွေနဲ့သင်ကြားရေးမှာ အဆင်မပြေတာ၊ မလိုက်နိုင်တာ
*အစားအသောက်တွေကို အရောင်မခွဲနိုင်တာ ( ဥပမာ-အသီးက အမှည့်လား၊ အစိမ်းလားမကွဲတာ)
*တချို့သောက်ဆေးတွေမှာ စာသေချာရေးမထားရင် မခွဲနိုင်တာ
*Warning signs တွေ မကွဲတာ ( ဥပမာ- မီးပွိုင့်မီးနီးနေလား စိမ်းနေလားမသိတာက အန္တရာယ်ရှိနိုင်ပါတယ်)
*တချို့အသက်မွေးဝမ်းကြောင်းအလုပ်တွေ- လေယာဥ်မှူး၊ ကားဒရိုင်ဘာ၊ ယာဥ်ထိန်းရဲ စတာတွေ လုပ်လို့မရတာတွေကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရနိုင်ပါတယ်။
-ကိုယ့်ကလေးမှာ colour blindness ရှိနေတယ်ဆိုရင် ဆရာ၊ ဆရာမတွေကို ပြောပြထားသင့်ပါတယ်။
-ကိုယ့်မှာရှိနေရင်လည်း မိသားစုနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းသင့်ရင်တောင်းပါ။
-အိမ်မှာ၊ အခန်းထဲမှာ အလင်းရောင်ကောင်းကောင်းရအောင် လုပ်ခြင်းဟာ တတ်နိုင်သမျှ အရောင်ခွဲခြားနိုင်ဖို့ အထောက်အကူပြုမှာပါ။
-ဖုန်းတွေ၊ ကွန်ပြူတာတွေထဲမှာ အရောင်ခွဲခြားနိုင်တဲ့ application တွေ ထည့်သွင်းထားလို့လည်း ရပါတယ်။
-ဆေးတွေကြောင့် ဖြစ်တာဆိုရင် ဆေးရပ်လို့ရမရ၊ ပြောင်းလို့ရမရ ဆရာဝန်နဲ့ တိုင်ပင်ပါ။
-ဆီးချို၊ ရေတိမ်လိုရောဂါမျိုးတွေကြောင့် ဖြစ်တာဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှုခံယူပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်